Burmese Acient Astrology

Horary & Electional MaHaBote

အတိတ် နိမိတ် များ နှင့် ချာချာလည်

အဘိဓမ္မာတရားတော် အရ သေခါနီး ၊ စုတိစိတ် ကျခါနီး၌ ပေါ်သော နိမိတ်၊ ငရဲနိမိတ်၊ နတ် ပြည်နိမိတ် တို့ အား ထေရ၀ါဒ ပီသစွာ ဆွေးနွေးကြပြန်၏ ။


” ဗေဒင်၊ နက္ခတ်၊ အတိတ်နိမိတ်၊ တဘောင် စသည်ကို ကောတုဟလမင်္ဂလာ ဟုခေါ်သည်။ ထိုကောတုဟလမင်္ဂလာကို ယုံကြည်ခြင်းသည် မိမိကိုယ်ကို အညံ့ဆုံး၊ အညစ်ဆုံးဥပါသကာထဲ ဆွဲချလိုက်ခြင်းနှင့် တူပေသည်။ “


ပိဋကတ် အိုးခြမ်းကွဲလေးများ မှ အထက်ပါအတိုင်း ရေးသားကြကုန်၏ ။ တစ်ဖန် ဒီပင်္ကရာမြတ်စွာဘုရားမှ နောင်ပွင့်မည့် ဂေါတမ ဘုရားရှင်အတွက် ဗျာဒိတ်တော် ကို ဤသို့  ပေးသည်ဟု ရေးကြပြန်၏။

ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာတော်မူရန် “ရမ္မာ” မြို့သူမြို့သားတို့ လမ်းပြင် နေကြ သည်ကို မြင်ရ၍ ကောင်းကင်မှ ဆင်းသက်ကာ နေရာတစ်ကွက်ကို တောင်းယူ ပြင်ဆင် နေစဉ် ရဟန္တာများနှင့် အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွှန်ပေါ်၌ မိမိကိုယ်ကို တံတားခင်း၍ ဘုရားရှင် ဖြတ်သွားရန် မှောက်စင်းပေးလေ၏ ။

ထိုအချိန်မှာပင် “သုမိတ္တာ” မည်သော အမျိုးသမီးကလည်း ကြာပန်း ရှစ်စီး တွင် ငါးစီးကို ဘုရားရှင်အား လှုဒါန်းရန် ရသေ့၏ လက်သို့ ကမ်းလှမ်း၍ သုံးစီးကို မိမိကိုယ်တိုင် လှုဒါန်း လေ၏။ ဘုရားရှင်သည် ထိုသူ၂ယောက်၏ နောင်ရေး နောင်တာကို ဆင်ခြင်တော်မူကာ —

“ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤ အမျိုးသမီးကား ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်။” ဟု ဗျာဒိတ်ပေးတော်မူသည်။

ဟူ၍ ကူးချကြပြန်လေ၏ ။

ဂေါတမ ဘုရားရှင်မှ နောင်ပွင့်လတ္တံ့  သောအရိမေတ္တယျ မြတ်စွာဘုရားသည် ဘုရားလောင်းဘ၀က (၁၆)သင်္ချေ နှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ ရသည့် ၀ီရိယဓိကဘုရားလောင်းဖြစ်သည်။ ဂေါတမ မြတ်စွာဘုရား လက်ထက်တွင် အဇိတဟူ၍ မထင်မရှားရဟန်းဖြစ်ခဲ့သည်။ ထိုအဇိကရဟန်းသည် နောင်အခါတွင် အရိမေတ္တယျ အမည်ဖြင့် ဘုရားအဖြစ်သို့ ရောက်လတ္တံ့  ဟူသော ဗျာဒိတ်တော်အား ရေးသားကြပြန်၏။


ထိုမျှ သာ မကသေးပေ။

ပုဗ္ဗနိမိတ်(၅)ပါး ဟူ၍ ရေးသားကြပန်လေ၏ ။

နတ်သား၊ နတ်သမီး တစ်ပါးပါး သက်တမ်းကုန်၍ စုတေတော့မည် ဆိုလျှင် လူ့တို့၏ အရေအတွက် (၇)ရက်မြောက်တွင် ပုဗ္ဗနိမိတ်(၅)ပါး ထင်လာသည်ဟု ဆိုကြ၏

(က) ပဋိသန္ဓေအခါက ပန်ဆင်ခဲ့သော ပန်းများ ညှိုးနွမ်းကုန်ခြင်း၊
(ခ) နတ်အ၀တ်ပုဆိုးများ ညှိုးနွမ်းကုန်ခြင်း၊
(ဂ) ကိုယ်ခန္ဓာ၏ လက်ကတီးကြားမှ ချွေးများ ယိုထွက်လာခြင်း၊
(ဃ) ကိုယ်ရောင်ကိုယ်ဝါ မှေးမိှန်လာခြင်း၊
(င) နတ်များ၏ နေရာတွင် တည်တည်တံ့တံ့ မနေနိုင် မထိုင်နိုင်ဖြစ်လာခြင်း ဟူ၍ နိမိတ် (၅) မျိုး ထင်သည်ဟု ၀မ်းသာအယ်လဲ သူ့ ထက် ငါ သိသည်ဟူ၍ ကူးချကြပြန်လေ၏

တစ်ဖန် မယ်တော် မာယာ၏ ၀မ်းကြာတိုက်တွင် ပဋိသန္ဓေ၀င်စားသဖြင့် အိပ်မက်မြင်မက် ပုံမှ အစ ဘုရားပွင့်ချိန် အလယ် ၊ ပရိနိဗ္ဗာန် ပြုသည် အဆုံး နိမိတ်နှင့်ပတ်သက်သည်များဖြစ်သည့် ငလျှင်လှုပ်ခြင်း ၊ ပန်းနံ့ သာ မိုး ရွာသွန်းခြင်း ၊ အလုံးစုံသော တူရိယာ တို့ သည် မတီးမမှုတ်ဘဲ အလိုလို မြည်ခြင်း ၊ ငရဲမီး များ ခေတ္တငြိမ်းသက်သွားခြင်း အစရှိသည့် (၃၂) ပါးသော ပုဗ္ဗနိမိတ် များ ၊ သူ အို ၊ သူနာ ၊ သူသေ ၊ ရဟန်း အစရှိသည့် နိမိတ် ကြီး (၄) ပါးအကြောင်း မြိန်ရေယှက်ရေ ရေးသားကြပြန်၏ ။

“တစ်ဖန် မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်ဟူသော စတုတ္ထ အင်္ဂါ အရ ဥပါသကာ ဒွန်းစဏ္ဍား” ဟု ကူးချကြပြန်လေ၏။ ထို့ နောက် Gtalk တွင်လည်းကောင်း ၊ Chat ခန်းထဲတွင်လည်း ကောင်း သူငယ်ချင်း အပေါင်းအသင်း များနှင့် ကျူကျူလေးများ နှင့် တွေ့ ပါက ..

” မင်္ဂလာပါ ၊ မင်္ဂလာပါ ။
မင်္ဂလာပါ သည်းလေး ၊ ချစ်လေး ” ဟု မင်္ဂလာကို ဦးထိပ်ထားကြပြန်လေ၏ ။

သူငယ်တန်း ကလေးလေး ဘ၀မှ အစ ဆယ်တန်း တက္ကသိုလ် ၀င်ခွင့် ဖြေဆိုသည် အထိ နှုတ်ဆက်ခဲ့ဖူးသော

” မင်္ဂလာပါ တပည့်တို့ 
မင်္ဂလာပါ ဆရာ / ဆရာမ “

အစရှိသော နှုတ်ခွန်းဆက်သံများအား လျစ်လျူရှုကာ မြန်မာပြည်မှ အနန္တော အနန္တ ဂိုဏ်းဝင် ဆရာ ၊ ဆရာမ များ နှင့် ပညာသင် ကျောင်းသား ကျောင်းသူလေးများအား ဒွန်းစဏ္ဍား ဥပါသကာ အဖြစ် တွန်း ပို့ ကြလေကုန်၏ ။

တစ်ဖန် ဗုဒ္ဓ၀ါဒ နှင့် ဗြဟ္မဏ၀ါဒ ခွဲခြားနည်း ဟူ၍ ရေးကြပြန်လေ၏

ကိလေသာ ကုန်ခမ်းရေး ၊ နည်းပါးရေး နဲ့ ဆိုင်ရင် ဗုဒ္ဓ၀ါဒ ။
ကိလေသာ ကုန်ခမ်းရေး ၊ နည်းပါးရေး နဲ့ မဆိုင်ရင် ဗြဟ္မဏ၀ါဒ။

ထိုကဲ့သို့ ကိသောသာ ကုန်ခမ်းရေး ဟူ၍ စာလုံးလေး ရိုက်တတ်ရန် အခြေခံဖြစ်သည့် ” ၀ ” လုံးရေးဆွဲတတ်ရန် ၊ ပညာတတ်ကြီး ဖြစ်စေရန် ချော့တစ်ချည် ၊ ခြောက်တစ်လှည့်ဖြင့် သင်ကြားပေးခဲ့သည့် မိဘ ၊ ဘိုးဘွား နှင့် ဆရာ သမား များ အား ကိလေသာ ကုန်ခမ်းရေး ၊ နည်းပါးရေး နှင့် လားလားမျှ မသက်ဆိုင်သည့် BSC ၊ BA ၊ PHD အစရှိသည့် ဗြဟ္မဏ၀ါဒ ပညာရပ်များအား ရိုက်သွင်းပေးခဲ့သူများ ဟူ၍ ညွှန်းဆိုသယောင်ယောင် ဖြစ်နေပေတော့၏ ။

တစ်ဖန် မသေခင် ဗုဒ္ဓဗေဒင် မေးသင့်သည် ဟူ၍လည်း ရေးသားကြပြန်၏ ။ တိပိဋကဓရ ဆရာတော် ဘုရားကြီး တစ်ပါးမှ မိန့် ကြားသည်ဟူ၍ပင် အရေးအသားထဲ ဆွဲထည့်လိုက်ပြန်သေး၏။ ကျွန်ုပင် မျက်စိလည် သွားတော့၏။ ဗုဒ္ဓမြတ်စွာ ဟောသည့် တရားတော်များထဲတွင် ဗုဒ္ဓ သည် ဗေဒင်ဟောသည် ဟူ၍ ပါမည်တော့ မဟုတ်ချေ။ ယခုခေတ် သူတို့ ရေးသည့် ခေတ်တွင်မှ ဗုဒ္ဓဗေဒင် မေးသင့်သည် ဟူ၍ ဖြစ်ပေါ်လာတော့၏ ။

လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ခဲ့သော အင်္ဂုလိမာလ လူဆိုးကြီး မွေးဖွားသည့်အချိန်တွင် တစ်တိုင်းပြည်လုံးရှိ ဓါး၊ လှံ၊ လက်နက်တွေနှင့် ကောသလမင်းကြီး၏ နန်းတော်ထဲရှိ ဓါးလှံလက်နက်များသည် အရောင်တဝင်းဝင်း တောက်ပြီး၊ အသံမျိုးစုံမည်လာ၏ ဟူ၍လည်း ဇာတ်ကြီး (၁၀) ဘွဲ့ တွင် ထည့်သွင်းရေးသားထားပြန်၏ ။

မိုးကုတ်ဆရာတော် ဖြစ်လာမည့် ကိုရင် ၀ိမလ အသက် (၁၂) နှစ် အရွယ် တွင် သင်္ကန်းကို ပျားစွဲသဖြင့် ဂွေးပင်တောရ ဆရာတော်ကြီး က ” သာမဏေသည် နောင်အခါတွင် ဘုန်းကံ ကြီးမားသော အကျော်အမော် ဆရာတော် တစ်ပါး ဖြစ်လိမ့်မည်။ တပည့် ဒါယကာ ဒါယိကာမ အသိုက်အ၀န်းကြီးမား၍ လူများစွာ၏ မှီခိုအားထားရာ ဖြစ်ပေလိမ့်မည်” ဟု နိမိတ်ဖတ်ဟောကြားတော်မူ၏

တစ်ဖန် ရှင်ဝိမလ သက်တော် (၂၀) ရှိသောအခါ သင်္ကန်းပေါ်တွင် ပျားစွဲပြန်သဖြင့် အမရပူရမြို့  အောင်ခြင်း ရှစ်ပါး ဆရာတော်ကြီး က ပုဗ္ဗနိမိတ် ဖတ်တော်မူသည်မှာ ” ယခုဘ၀တွင်ပင် တရားထူး တရားမြတ်များ ကို ရရှိနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ရလိမ့်မည်” ဟု ဖွင့်ဟမိန့် ဆိုတော် မူခဲ့လေ၏ ဟူ၍ ရေးသားကြ၏

ထို့ ပြင် ကောတုဟလ မင်္ဂလာ ကို ယုံကြည်၍ တတိယ အင်္ဂါအရ ဥပါသကာ ဒွန်းစဏ္ဍား ဖြစ်၏ ။ အတိတ်ကောင်း ၊ နိမိတ်ကောင်း (ကိုယ်ဝန်ဆောင် မိန်းမ ၊ ရေပြည့်သော အိုး ၊ အောင်ပါစေ ၊ ချမ်းသာပါစေ စသော အသံများ ကြားလျှင် ) စသည်တို့ ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ ဖြစ်လတ္တံ့  ဟု အသိလိမ္မာ ဥာဏ်ပညာမရှိ သူတို့ တွေးတော ကြံဆအပ်သည့် ကောတုဟလ (ခေါ်) ဒိဋ္ဌသုတ မင်္ဂလာ ကို လေးလေးနက်နက် ယုံကြည် စွဲလမ်း၏။ ထိုသူသည် သဒ္ဓါ မရှိခြင်းကြောင့် သီလနှင့် ပညာလည်း မရှိပေ ဟု အိုးခြမ်းကွဲတို့ မှ ကူးရေးပြန်လေ၏ ။

ကံကံ၏ အကျိုးကိုသာ ယုံကြည်ရန် ၊ ဗေဒင် ၊ လက္ခဏာ ၊ နက္ခတ် ၊ အတိတ် ၊ နိမိတ် များအား မယုံသင့်ဟု ဆိုကာ အဘိဓမ္မာတရားတော် အရ သေခါနီး ၊ စုတိစိတ်ကျခါနီး၌ ပေါ်သော နိမိတ်၊ ငရဲနိမိတ်၊ နတ် ပြည်နိမိတ် တို့ အား ထေရ၀ါဒ ပီသစွာ ဆွေးနွေးကြပြန်၏ ။

Bar Counter တွင် သူတစ်ပါးအား ယစ်မူးစေသည့် အရက်သေစာများ ငှဲ့ ပေးသည့် သူမှလည်း အတိတ်နိမိတ် ဗေဒင် များ ဘုရားဟောတွင် မပါကြောင်း နှင့် သုရာမေယျရ အပါအ၀င် ငါးပါးသီလ အကြောင်းဆွေးနွေးကြပြန်၏ ။

ဂြိုဟ် ၊ နက္ခတ် ၊အတိတ် ၊ အိပ်မက်များ ယုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာမဟုတ် ဟူ၍ ရေးသားကြကာ

- ဘုရားရှင် ဘုရားပွင့်ခါနီး မြင်မက်ခဲ့သော အိပ်မက်အကြောင်း
- ဘုရားရှင် ဖြေရှင်းပေးခဲ့ရသော ကောသလ အိပ်မက် (၁၆) ချက် အကြောင်း

တို့ ကိုလည်း စာဖတ်သူအပေါင်းတို့ အား ရှင်းပြကြပြန်လေ၏ ။

ထိုစာကို ဖတ်ရသော စာဖတ်သူအပေါင်းတို့ မှာလည်း အရူးဘုံမြှောက် လူမိုက်အားပေး လုပ်ကြ ရင်း ဆရာတော် များအား စော်ကားပြီးရင်း စော်ကားရင်း အကုသိုလ် အား အခမဲ့  အလုအယက် ၀ယ်ယူကြပြန်၏ ။ အချို့ စာရေးသူများကား သံဃာ့ဗေဒက ကံထိုက်နေသော နအဖ ထံတွင် ၀န်ထမ်းနေသော ရုရှ နိုင်ငံရောက် ပိဋကတ် အိုးခြမ်းကွဲများ ၊ နေပြည်တော်မှ ရေးသားသည်ဟု ဂုဏ်ယူဝင့်ကြွားစွာဖြင့် အော်ဟစ်ကာ သံဃာ့ဗေဒက ကံထိုက်နေသော နအဖ ထံတွင် ၀င်ရောက်လုပ်ကိုင်နေသော ၀န်ထမ်းများ ဖြစ်ကြလေကုန်၏ ။

သံဃာ့ဗေဒက ကံထိုက်နေသော နအဖ လက်အောက်တွင် လုပ်နေသဖြင့် ဘာအပြစ်ရှိသနည်း ။ အထက်အမိန့် အရ ခိုင်းသဖြင့် စိတ်မပါသော်ငြား ရေးသားပေးခြင်း ၊ဖမ်းဆီးပေးခြင်း ၊ရိုက်နှက်ခြင်း ပြုလုပ်၏ ။ ဥပမာ အနေဖြင့် သင်၏ ချစ်ဇနီးမှ သင့်အား ” ကိုကိုရေ … ဟိုမီးလေးကို ဘာအကာ အကွယ်မှ မရှိဘဲ ကိုင်လိုက်ပါလား” ဟု ခိုင်းလာသော်ငြားအံ့ ။ သင်ကိုယ်တိုင်က မကိုင်ချင်သော်ငြား ညအိပ်ရာဝင်လျှင် ဇနီးမှ ပေါင် နှစ်ချောင်းစိထားမည် စိုးသဖြင့် (ခြိမ်းခြောက်သည်ကို ကြောက်ခြင်း) မီး ကို ကိုင်ရချေမည်။ ကိုယ်တိုင်က မကိုင်ချင်သော်လည်း ချစ်ဇနီး ကိုင်ခိုင်းသဖြင့် ကိုင်လိုက်ရခြင်း ဖြစ်သော်ငြား အပူဒဏ်ကိုတော့ ခံစားရမည်သာ ဖြစ်မည်။ ထို့ ကြောင့် အနဖ လက်အောက် တွင် တာဝန်ထမ်းဆောင်နေသော အစိုးရ၀န်ထမ်းများ အားလုံး (အားလုံး) သည် ကံကြီးထိုက်နေသူများ ဖြစ်ချေ၏ ။

ထို့ အတွက်ကြောင့် ကပ် ဆိုက်ကြရကုန်တော့၏ ။ သာသနာ ညစ်နွမ်းတော့မည် ဆိုပါက (သို့ ) ညစ်နွမ်းကြောင်း ပြုသူတို့ များလာပါက်၊ ထိပ်ဆုံး အုပ်ချုပ်သူမှ စကာ တိုင်းသူပြည်သားများ အကျင့် သီလဖောက်ပြန်ကာ ကိုယ် ကျင့်တရားများ ယုတ်မာ ပျက်စီးလာကြ၏ ထိုကဲ့သို့ သော လူများအား သုတ်သင်ရန် နှင့် ကျန်သူများအား သတိပေးရန်အတွက် ကပ်ဆေး လေ့ရှိ၏။

ကပ်ဆေး ဆိုသည်ကား ကပ်ကြီးသုံးပါး (ရောဂါဘေး၊ စစ်မက်ဘေး နှင့် အစာရေစာ ငတ်မွတ် ခေါင်းပါးခြင်း ဘေး) ဆိုက်ကပ်ပြီး လူအများ အတုံးအရုံး သေဆုံးကြရ၏။ ဂျပန်ခေတ်၌ စစ်မက်ဘေး၊ အငတ်ဘေးနှင့် ပလိပ်ရောဂါဘေး ၃ခုစလုံး ကျရောက်ခဲ့လေ၏ ။ အလိုတော်ရိများ ခြေချင်းလိမ်ကာ သံဃာတော်များကိုလည်း ပါးရိုက်နားရိုက် စော်ကားခဲ့ဖူးသော သမိုင်းသက်သေများ ရှိခဲ့၏။

ယခုခေတ်တွင် ထို ကဲ့သို့ သော အလိုတော်ရိများ ၊ ပူးပေါင်းပါဝင် အားပေး အားမြှောက်ပြုသူများ အားလုံး ကံကြီးထိုက်နေသူများ ဖြစ်သဖြင့် ထိုသူတို့ အား မြှောက်ပေးနေသူများ ၊ ဆက်ရေးပါ .. အားပေးနေပါတယ် ဟု ရေးသားနေသူများ အားလုံး ..ဆင်ခြင်သင့်ပေ၏။

ကပ်ကြီး ၃ ပါး ရန် မှ ကင်းဝေးစေရန် ရတန သုတ္တန်ကို လည်း ရွတ်ဖတ်သင့်၏ ။ လက်နက်ဘေး (နျူကလိယား ) တစ်ခု ကျန်နေသဖြင့် ဘေးလွတ်ရာသို့  ကြိုတင် ရှောင်ရှားရန်လည်း တိုက်တွန်းလိုက်ရပေတော့၏ ။

October 5, 2009 Posted by | ဆောင်းပါး | Leave a comment

   

Follow

Get every new post delivered to your Inbox.